အနုပညာ

အနုပညာ

လူမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ထင်ဟပ်ပြနိုင်သော အနုပညာသည် အဘယ်နည်း။ အနုပညာဟူသည် လူ၏ စိတ်ကို လှုပ်ရှားစေနိုင်သော ပညာမျိုး ဖြစ်သည်။ လူ၏ စေတနာကို လှုံ့ဆော် နှိုးဆွပေးနိုင်သော ပညာမျိုး ဖြစ်သည်။ အနုပညာသည် လူ၏ စေတနာ အလျောက် လူ၏ စိတ်ကူးဉာဏ်စွမ်းဖြင့် ဖန်တီးရသောပညာ ဖြစ်၍ အနုပညာ၏ အစွမ်းကြောင့် အနုပညာကို ခံစားရသူ၌ ရသ ဖြစ်ပေါ်ရသည်။ ထိုကြောင့် အနုပညာကို ရသပညာဟုလည်း ခေါ်လေသည်။ အနုပညာရသဟူသည်မှာ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ နှစ်သက်ခြင်း၊ ကရုဏာဖြစ်ခြင်း၊ စက်ဆုပ်ခြင်း၊ အားတက်ခြင်း၊ ထိတ်လန့်ခြင်း၊ အံ့ဩခြင်း၊ တည်ငြိမ်ခြင်းတည်းဟူသော အလင်္ကာကျမ်းများအလာ စိတ်အရသာ ကိုးပါးအနက် တစ်ပါးပါးကို ခံစားရမှု ဖြစ်ပေသည်။ မျက်မှောက်ခေတ် စိတ္တဗေဒေ ပညာရှင်တို့၏ အလိုအရမူ စိတ်အရသာ၊ (သို့) လှုပ်ရှားမှု (၁၄) မျိုးရှိသည်ဟု သိရပေသည်။ အနုပညာကို တစ်နည်းအားဖြင့် ဆိုရသော ခံစားမှုကို တင်ပြသော ပညာရပ်မျိုးဟူ၍ ဖြစ်သည်။ သိပ္ပံပညာသည် အကြောင်းတရားကို သရုပ်ခွဲပြသည်။ အနုပညာကမူ အကျိုးတရား၊ (သို့) စိတ်လှုပ်ရှားမှုအတွက် ခံစားမှုကို ဖွဲ့ပြသည်။ စေတနာကို လှုံ့ဆော်သော စိတ်ဘဝင်၌ ခံစားမှုကို ဖွဲ့ပြသော အနုပညာရပ်တွင် ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ သဘင်ပညာနှင့် အနုစာပေတို့သည် အဓိကအားဖြင့် ပါဝင်ကြသည်။

ပန်းချီ၊ ပန်းပု၊ ဗိသုကာ စသည်တို့ကဲ့သို့ လူတို့၏ စိတ်စေတနာကို လုံ့ဆော်ပေးနိုင်စွမ်းသော အနုပညာကို လူတို့သည် မည်ကဲ့သို့ တွေ့ရှိဖန်တီးခဲ့ကြသနည်း။ ရှေးလူတို့သည် ပန်းကန် ခွက်ယောက်များ၊ စူးဆောက် တန်ဆာ ပလာများ၊ လက်နက် ပစ္စည်းများ စသည်တို့ကို လိုအပ်သဖြင့် တီထွင်လုပ်ကိုင် အသုံးပြုခဲ့ကြသည်။ ပထမတွင် ကျောက်ပြားများကို စားစရာထည့်စားရန် အသုံးပြုခဲ့ကြသည်။ နောင်အခါ ကောက်ပြားကို ပန်းကန်ပြားသဏ္ဌာန် ထွင်း၍ အသုံးပြုကြသည်။ သတ္တုများကို တွေ့ရှိ၍ မီးအားဖြင့် သတ္တုကို လိုရာပုံသွင်းနိုင်ကြောင်း သိလာ ကြသောအခါ မိမိတို့၏ အသုံးအဆောင်ပစ္စည်း ကိရိယာများကိုအဆင့်ဆင့် တိုးတက်ကောင်း မွန်အောင် ပြုပြင် လုပ်ကိုင်ကြသည်။ ယင်းသို့အားဖြင့် မိမိတို့၏ အသုံး အဆောင်များကို အသုံးလည်းကျ၊ လှလည်း လှပအောင် ပြုလုပ်နိုင်စွမ်းကိုလည်း တွေ့မြင်လာကြသည်။ ထိုအခါ အလှ အပရှိမှု၊ တင့်တယ်မှု တို့ကို နှစ်သက်သော သဘောလည်း ဖြစ်လာကြ၍ ပစ္စည်း အသုံးအဆောင်တစ်ခုကို နေမှုထိုင်မှု အရေးအတွက် အသုံးချမှု အပြင် စေတနာကို နှိုးဆော်၍ စိတ်၌ နှစ်သက်ခြင်းဖြစ်အောင် စိတ်ဖြင့် အရသာခံစားနိုင်အောင် ဖန်တီးပြုလုပ်နိုင်ကြောင်း ကိုလည်း သိလာကြသည်။ လူတို့၏ နေမှုထိုင်ရေးအတွက် ပစ္စည်းအသုံးအဆောင်များကို အသုံး လည်းကျ၊ လှလည်း လှပအောင် တီထွင်လုပ်ခဲ့ကြ၍ လူနေမှု အဆင့်အတန်း မြင့် လာသောအခါ အသုံးမှုအတွက် တီထွင် ဖန်တီးမှုများအပြင် စိတ်အရသာ ခံစားနိုင်ရေးအတွက်လည်း တီထွင်ကြံဆ လာခဲ့ကြလေသည်။

အနုပညာသည် လူ၏ စိတ်ကူးဉာဏ်စွမ်းဖြင့် တီထွင်ကြံဆ ဖန်တီးရသော ပညာမျိုးဖြစ်သည်။ သဘာဝ အလှအပ အတင့်အတယ်တို့ကို အနုပညာဟု မဆိုနိုင်ပေ။ ကြည်နူးဖွယ်ရာအရုဏ်ဦး၊ သာယာညွတ်နူးဖွယ် ကျေးငှက်တွန်သံ ကျူးသံတို့သည် ပင်ကိုယ်အလှအပ၊ ကြည်နူးဖွယ်ရာများ ဖြစ်လင့်ကစား အနုပညာသဘော မပါခြေ။ အနုပညာကို ဖန်တီးသော အနုပညာရှင်က သက်ရှိ သက်မဲ့ ပတ်ဝန်းကျင်၌ မြင်တွေ့ကြားသိရသော ဘဝအာရုံတို့အပေါ်သို့ ယင်းစေတနာ သက်ရောက်၍ ထိုစေတနာ အလျောက် သူ့အမြင်၊ သူ့အကြား၊ သူ့အတွေ့အကြုံ တို့ကို သရုပ်ဖော် ဖွဲ့နွဲ့ထားခြင်းမျိုးသည်သာလျှင် အနုပညာ သဘောပါလေသည်။ အနုပညာရှင်၏ အမြင်၊ အကြား၊ အတွေ့အကြုံတို့ကို စေတနာအလျောက် သရုပ်ဖော်ဖွဲ့ပြသော အနုပညာတစ်ရပ်ဖြစ်သည်။ ပန်းချီအတတ်သည် စာရေးခြင်းအတတ် မပေါ်မီကပင် ပေါ်ပေါက်ခဲ့သည်။ ဂူနေရှေး လူတို့သည် မိမိတို့ဘဝ ပတ်ဝန်းကျင်၌ မြင်တွေ့သမျှ မိမိတို့စိတ်၌ ခံစားရသမျှကို မြေနီ၊ မြေဝါ၊ မြေဖြူ၊ မီးသွေးစသည်တို့ဖြင့် ဂူနံရံများပေါ်၌ ပုံပန်းသဏ္ဌာန် ဌာနများ ရေးချယ်၍ ဖွဲ့ပြကြသည်။ ရှေးလူဟောင်းတိုသည် စကားလုံး မကြွယ်ဝကြသေးသဖြင့် မိမိတို့ ဆိုလိုချက်ကို အရုပ်ရေးချယ်ပြခြင်း ဖြစ်သည်။

https://my.m.wikipedia.org/wiki/%E1%80%A1%E1%80%94%E1%80%AF%E1%80%95%E1%80%8A%E1%80%AC