လူသား
လူသား (Human Being)၊ လူ (Human) – သိပ္ပံအမည်မှာ “ Homo Sapiens” ဖြစ်ပြီး မြန်မာလို အဓိပ္ပာယ်အားဖြင့် “ ဉာဏ်ပညာရှိသူ၊ သိတတ်နားလည်သူ” – သည် ဟိုမိုနီဒယ် (Hominidae) မိသားစု မျိုးနွယ်ဝင် ဘိုင်ပေဒယ် ပရိုင်းမိတ် (Bipedal Primates – ခြေနှစ်ချောင်းနှင့် လမ်းလျှောက်သူ) များဖြစ်သည်။ မိုက်တိုကွန်ဒရီရယ်ဒီအန်အေနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများမှ တွေ့ရှိချက်အရ ခေတ်သစ် လူသား (Moden human) သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀,၀၀၀ ခန့်က အာဖရိက မှ ဆင်းသက်လာသည်။[၂] လူတွင် အလွန် အဆင့်မြင့်သော ဦးနှောက် ပါသဖြင့် ကျိုးကြောင်းဆီလျော်စွာ ချင့်ချိန်နိုင်စွမ်း၊ စကားပြောနိုင်စွမ်း၊ ပြန်လည် သုံးသပ်နိုင်စွမ်း (introspection)၊ ပြဿနာ ဖြေရှင်းနိုင်စွမ်းနှင့် စိတ်ခံစားနိုင်စွမ်း (emotion) ရှိသည်။ ဤသို့သော စိတ်စွမ်းအားများနှင့် မတ်မတ်ရပ်နိုင်သော ကိုယ်ခန္ဓာများက ရှေ့လက်အား စိတ်လိုလက်ကျ လွတ်လွတ်လပ်လပ် အသုံးပြုစေနိုင်ပြီး အခြားမျိုးစိတ် (species) များထက် ကိရိယာများကို တီထွင် အသုံးပြုနိုင်သည်။ လူသည် ကမ္ဘာ့ နေရာ အနှံ့အပြားတွင် နေထိုင်ကျက်စားလျက်ရှိပြီး ကမ္ဘာ ပေါ်တွင် အန္တာတိက မှအပ အခြားတိုက်ကြီးများတွင် တွေ့ရှိနိုင်သည်။ ၂၀ဝ၉ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းအရ ကမ္ဘာပေါ်တွင် လူဦးရေ ၆.၇ ဘီလျံခန့် ရှိသည်။[၃] ၎င်းသည် ထိုမျိုးစိတ်တွင် Homo sapiens sapiens ဟု တစ်ခုတည်းသော မျိုးစိတ်ကွဲ (subspecies) သာ မပျောက်ကွယ်ပဲ ကျန်ရှိသည်။
https://my.m.wikipedia.org/wiki/%E1%80%9C%E1%80%B0%E1%80%9E%E1%80%AC%E1%80%B8